မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံခြင်း အစီအစဉ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံခြင်း အစီအစဉ် သတင်းထုတ်ပြန်ချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
နေပြည်တော်၊ ဇန်နဝါရီလ (၂၇)
ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် (၂၇-၁-၂၀၂၁) ရက်နေ့မှ စတင်၍ ထိုးနှံသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် COVAX facility သို့ အဆိုပြုခြင်း၊ နိုင်ငံတော်အစိုးရဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊ နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရေးအစီအစဉ်ဖြင့် လက်ခံရရှိခြင်းစသည့် နည်းလမ်းများဖြင့် အရည်အသွေးမြင့်မား၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးများကို ရရှိရန် ကြိုးပမ်းခဲ့ပါသည်။
အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးအပ်သော COVISHIELD / Astrazeneca ကာကွယ်ဆေး အရေအတွက် (၁.၅)သန်းကို (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လက်ခံရရှိထားပြီး ဖြစ်ပါသည်။
နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVISHIELD / Astrazeneca ကာကွယ်ဆေး အကြိမ် (dose) အရေအတွက် သန်း(၃၀)ကို ဝယ်ယူထားပြီးဖြစ်ကာ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမအပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ (၂) သန်းခန့် ကနဦးရောက်ရှိလာမည်ဖြစ်ပါသည်။ COVAX facility မှ ကာကွယ်ဆေးများသည် မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ် အသုတ်လိုက် ဆက်လက်ရရှိသွားမည် ဖြစ်ပါသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို (၂၇-၁-၂၀၂၁) ရက်နေ့မှစတင်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို (၂၉-၁-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို (၃၀-၁-၂၀၂၁) ရက်နေ့တွင်လည်းကောင်း ထိုးနှံပေးသွားမည် ဖြစ်ပါသည်။
ထို့နောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကို (၅-၂-၂၀၂၁) ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့် အတူ စတင်ထိုးနှံသွားမည် ဖြစ်ပါသည်။
ထိုသို့ထိုးနှံရာတွင် မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ်(Stay at home) တွင် အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြား ရောဂါအခံရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စုများကို ဦးစားပေးကာ ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ် မူတည်၍ Stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှုများပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေး ရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် အပေါ်မူတည်၍ ကျန်လူအုပ်စုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေး သွားမည် ဖြစ်ပါသည်။
“ကျွန်မတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထား တဲ့စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ဆက်ပြီးတော့ မိမိကိုယ်မိမိ ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ မျက်နှာဖုံးတပ်ရမယ်၊ လက်ဆေးရမယ်၊ လူစုလူဝေးကြားထဲမှာ မသွားရဘူး၊ ခပ်ခွာခွာနေရမယ် စသဖြင့်ပေါ့၊ ဒီအခြေခံစည်းမျဉ်း/စည်းကမ်းတွေကို ဆက်ပြီးတော့ လိုက်နာသွားဖို့ လိုပါတယ်။”
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၁-၁-၂၀၂၁ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)
#Photo Credit- ဒေါက်တာအောင်မြင့်သူ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)
 we copy from MRTV

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik